International News

ဘယ်လ်ဂျီယံနိုင်ငံ၏ လုပ်ငန်းများမှ လက်သန့်ဆေးရည် လီတာ (၁) သန်း ထုတ်လုပ်

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံရှိ ဓါတုပစ္စည်း၊ ဆေးဝါးနှင့် အစားအသောက်လုပ်ငန်းကဏ္ဍများမှ နိုင်ငံအတွင်း လက်သန့်ဆေးရည်များ ရှားပါးပြတ်လပ်မှုကို ရှောင်ရှားနိုင်ရန် အတွက် လက်သန့်ဆေးရည် (hand sanitizers) များ ပြောင်းလဲထုတ်လုပ်၍ ကူညီ ဆောင်ရွက်နေကြောင်း အစားအသောက်နှင့် ဓါတုပစ္စည်းဆိုင်ရာအသင်း တို့မှ ပြောကြားခဲ့ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံအစိုးရနှင့် အဆိုပါလုပ်ငန်း များအကြား အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှု၊ ဖက်ဒရယ်လုပ်ငန်းအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မှု တို့ဖြင့် မတူညီသောလုပ်ငန်းကဏ္ဍများမှ ကုမ္ပဏီများသည် အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိ သည်ဟု အစားအသောက်နှင့်ဓါတုပစ္စည်းဆိုင်ရာ အသင်း (၂) သင်း ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း သိရှိရပါသည်။

အရက်နှင့်ဘီယာထုတ်လုပ်သည့် ကုမ္ပဏီများ၊ ဓါတုပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ကုမ္ပဏီပေါင်း (၁၀၀) ကျော်သည် ပိုးသတ်ထုတ်ကုန် များ (disinfectant products)  ထုတ်လုပ်ရန်အတွက် ယာယီခွင့်ပြုချက် ရရှိထားကြပြီး၊ လက်ရှိတွင် ဆပ်ပြာထုတ်လုပ် နေသည့်လုပ်ငန်းများကလည်း ၎င်းတို့၏ ထုတ်လုပ်မှုကို တိုးမြှင့်ရန် စဉ်းစားနေကြကြောင်း၊ ထိုကဲ့သို့ ဘယ်လ်ဂျီယံရှိ လုပ်ငန်းများအား ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်ခွင့်ပြုခဲ့သဖြင့် အချိန်တို ကာလအတွင်း လက်သန့်ဆေးရည် လီတာ (၁) သန်းကို ထုတ်လုပ်နိုင်ခဲ့ပြီး၊ ယာယီထုတ်လုပ်ခွင့် လိုင်စင်ခွင့်ပြုပေးမှုဖြင့် လီတာပေါင်း (၅) သန်းအထိ တိုးမြှင့် ထုတ်လုပ်နိုင်မည့် အလားအလာရှိကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုတိုက်ဖျက်ရေး လိုအပ်သည့် ကျန်းမာသန့်ရှင်းမှုအခြေအနေများဖန်တီးပေးနိုင်ရန်အတွက် အယ်လ်ကိုဟောပါဝင်သော လက်သန့် ဆေးရည်များ ထုတ်လုပ်မှုသည် အစိုးရထံမှ လိုင်စင်ရရှိရန်လိုအပ်ခြင်းဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံရှိ ယမကာထုတ်ကုန် ထုတ်လုပ်သူများအနေဖြင့် အယ်လ် ကိုဟောသန့်စင်သည့် ပစ္စည်းကိရိယာများ ရှိပြီးဖြစ်ရာ လက်သန့်ဆေးရည်များ ပြောင်းလဲထုတ်လုပ်ခွင့်ကို ၎င်းတို့က ပထမဆုံးခွင့်ပြုချက်တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊ လက်သန့်ဆေးရည်များ ပြောင်းလဲထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များအပေါ်ပေးဆောင်ရမည့် excise duty များကို ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း ကြုံတွေ့နေရသည့်ကာလအတွက် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ဆေးရုံများအတွက် လက်သန့်ဆေးရည် လိုအပ်ချက်မှာ ရက်သတ္တပတ် (၁) ပတ်လျှင် (၆၇၀၀၀) လီတာဖြစ်ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ ၈-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News